Saturday, June 23, 2007

ပုံရိပ်များ

လပြည့်နေ့၏ အတွေးစများ



ဒီညဟာ ၂၀၀၇ ၀ါဆိုဦးရဲ့ လပြည့်ညပေါ့။
လပြည့်ညဆိုပေမယ့် မြို့ပြရဲ့ထုံးစံအတိုင်း လကိုတော့ မမြင်ရပါဘူး။ ဒီနေ့ကျွန်တော့် စိတ်တွေမတည်မ ငြိမ်ဖြစ်နေတယ်။ တစ်လောက ဆေးပညာဆိုင်ရာဟောပြောပွဲတစ်ခုမှာ နားထောင်ခဲ့ရသလိုပဲ လရဲ့ဆွဲငင်အားကြောင့် ဒီရေတက်သလို ရေဓာတ် ၆၅ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့ လူတွေရဲ့ စိတ်တွေလိုပါ မငြိမ်မသက်ဖြစ်အောင် ဆွဲ ငင်နေတာထင်ပါရဲ့။
ဒီနေ့နားရက်မို့လို့ အိမ်မှာ နေရတဲ့အတွက် စိတ်နှစ်ထားစရာ အလုပ်ကလည်းမရှိဘူးလေ။ အိမ်အလုပ်တွေ အမေ့ကိုဝိုင်းကူနေပေမယ့်လည်း စိတ်ပါသလို စိတ်မပါသလိုနဲ့။ အတွေးတွေကလည်း တောရောက်တောင်ရောက်နဲ့ ပေါ့။ တစ်ချက်တစ်ချက် အိမ်ရှေ့လမ်းမပေါ်ကစုံတွဲတွေဖြတ်သွားတဲ့အခါ အားကျမိသလိုလို၊ သူတို့ကြားက သစ္စာ တရားကို သံသယ၀င်မိသလိုလိုနဲ့။
လကိုမမြင်ရပေမယ့် မြို့ပြရဲ့နီယွန်မီးရောင်အောက်မှာပဲ ခပ်ကျဉ်းကျဉ်းဝရံတာကနေ ညကိုခံစားမိတယ်။ ပါပ လာရောင်းတဲ့ကုလားက သီချင်းလိုလို ဘာလိုလိုအော်ရင်းသူ့ပါပလာကို ကြော်ငြာနေတယ်။ အတွေးအတွေအများ ကြီးထဲကမှာ ဒီကုလားလည်း ချစ်တတ်မှာပဲလို့ တွေးမိအောင်တွေးဖြစ်လိုက်သေးတယ်။ အေးလေးသူလည်းအသွေး အသားတွေနဲ့ ဖွဲ့စည်းထားတဲ့ကုလားမဟုတ်လား။ ကုလားမလေးတစ်ယောက်လောက်ကိုတော့ တကယ်ချစ်ကောင်း ချစ်နေမှာပေါ့။

မြန်မာ့အသံက ကိုရီးယားကားတစ်ကားလာနေတယ်။ အမေနဲ့ညီမလေးက ကိုရီးယားဇာတ်လမ်းရဲ့ ဖမ်းစားမှု အောက်မှာပျော်ဝင်နေကြတယ်။ ကျွန်တော်က မငြိမ်သက်တဲ့စိတ်ကို ကိုရီးယားကားအားကိုးနဲ့ ကျားကန်ပေးရင် ကောင်းမလားစဉ်းစားမိပေမယ့် ဒီစိတ်ကူးမအောင်မြင်နိုင်ဘူးဆိုတာ ကိုယ်ကိုယ်ကိုသိနေတယ်။
တွေးရင်းငေးရင်းနဲ့ အိမ်ရှေ့အိမ်ကို ခဏငေးမိတယ်။ အပေါင်ဆိုင်လုပ်ငန်းလုပ်တဲ့ တရုတ်မိသားစုအိမ်တစ်အိမ် ပေါ့။ ဖျတ်ခနဲ ဖျတ်ခနဲ ခုန်တက်နေတဲ့ ကုန်ဈေးနှုန်းကြောင့် ငွေကြေးဖောင်းပွမှုတွေဖြစ်လာတာနဲ့အတူ အပေါင်ဆိုင် ရှင်တွေ တဖြည်းဖြည်းပိုစီးပွားဖြစ် တွက်ခြေကိုက်လာပါလားကိုတွေးမိတယ်။ အငြိမ်းစားရုံးဝန်ထမ်းတစ်ယောက်ပြော သလိုပဲ ချမ်းသာတဲ့သူတွေက ကုန်ဈေးနှုန်းတက်မှာကို ကြောက်လို့ရွှေတွေ၊ မြေတွေ၊ အိမ်တွေ ၀ယ်ထားကြတယ်။ သူတို့ ၀ယ်လိုအားများလာတဲ့အတွက် အဲဒီအရောတွေ ဈေးပိုတက်ကြတယ်။ ၀ယ်ထားတဲ့သူတို့တွေ ပိုအကျိုးရှိကြ တယ်။ ဒါတွေကို လိုက်မမှီတဲ့ငွေကြေးဖောင်းပွမှုကို မကာကွယ်နိုင်တဲ့ ပင်စင်စားတွေနဲ့ ၀င်ငွေနည်းတဲ ဆင်းရဲသားတွေ ဟာ ပိုဒဏ်ခံကြရတယ်တဲ့။ ဒါတွေက စီးပွားရေးအသွင်ကူးပြောင်းဆဲနိုင်ငံတိုင်း ကြုံနေရတာတွေပဲ။ အင်း ... ကျွန်တော်လဲ မျက်စိရှေ့မြင်တာတွေကို ကြားဖူးနားဝဗဟုသုတလေးနဲ့ ဆက်စပ်သာကြည့်နေမိတာ်။ ဘာမှတော့ မစွမ်းဆောင်နိုင်ပါဘူး။ ကျွန်တော်ဆိုတဲ့ကောင်ကလည်း တစ်ပတ်ကိုတစ်ပတ် ကိုယ့်တာဝန်တွေ အလျဉ်မီအောင် ကြိုးစားတဲ့ ကိုယ်ခြေထောက်ပေါ်ကိုယ် အနိုင်နိုင် ရပ်နေရတဲ့ကောင်ပဲလေ။
မျက်နှာချင်းဆိုင်က ကန်ထရိုက်တိုက်ရှေ့မှာမော်ဒယ်မြင့်ကားတစ်စီးလာရပ်တယ်။ ထုံးစံအတိုင်းပေါ့ အဲဒီတိုက် က ကောင်မလေးကိုလာကြိုတဲ့ကားလေ။ ကောင်မလေးက ကျွန်တော်နဲ့ မတိမ်းမယိမ်းပါပဲ။ သူ့အလုပ်ကလည်း ညပိုင်းဆိုတော့ အိပ်ရေးပျက်ရှာမှာပဲလို့ တွေးမိတယ်။ သူက လူ့အသိုင်းအ၀ိုင်းအလယ်မှာ ကဲ့ရဲ့စရာအသက်မွေးမှုတစ် ခုကို လုပ်နေတဲ့သူပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကိုအထင်သေးစိတ်မ၀င်မိပါဘူး။ သူ့မှာ မိခင်အိုကြီးနဲ့ အရပ်ကသူ့သမီးလို့ ပြောကြတဲ့အမည်ခံ သူ့တူမကလေးအတွက် စားဝတ်နေရေးတာဝန်ယူထားရတယ်။ ကျွန်တော်က သူ့လိုအလုပ်မျိုး အားမပေးပေမယ့် သမာအာဇီဝတော့ကျနေသားလို့ တွေးမိတယ်။
ကျွန်တော့်အိမ်က လမ်းထိပ်နဲ့မနီးမဝေးမှာပါ။ လမ်းထိပ်အုတ်ခုံမှာ ကျွန်တော့်ညီအရွယ်ဆယ်ကျော်သက် သုံး လေးယောက်လောက်အမြဲရှိတတ်တယ်။ ဒီနားက မိန်းကလေးအဆောင်ကို သီချင်းနဲ့လာပျော်တော်ဆက်ကြတာလေ။ ဘယ်သူက ဘယ်သူ့အတွက် ရည်ရွယ်ဆိုနေတာလဲဆိုတာတော့ သူတို့အချင်းချင်းသိကြမှာပေါ့။ တစ်ခါတစ်လေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ငြိပြီး အသေးစားစကားများမှုလေးတွေ ကြုံရသေးတယ်။ ဒါပေမယ့် လူငယ်တွေဆိုတော့ သိပ်မကြာပါ ဘူး။ အချင်းချင်းနားလည်မှုယူ ပြေလည်သွားကြတာပါပဲ။ ကျွန်တော်စဉ်းစားကြည့်မိတယ်။ တစ်ခါတစ်လေလူငယ်တွေ က လူကြီးတွေထက်များပိုခွင့်လွှတ်တတ်၊ သည်းခံတတ်နေသလားလို့။ တစ်ခုပဲကြည့်လေ ကျွန်တော့်ဘကြီးနဲ့ ရပ်ကွက် လူကြီးဟိုတစ်လောက ဓမ္မာရုံမှာ တရားဆွေးနွေးကြရင်း အငြင်းပွားကြတယ်။ ကျွန်တော့်ဘကြီးကလည်း တရားရုံးချုပ် က နာမည်ကြီးရှေ့နေကြီး၊ ရပ်ကွက်လူကြီးကလည်း ရပ်ကွက်လူကြီးပဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက်အလျော့ မပေးစတမ်းငြင်းလိုက်ကြတာ။ အခုဆိုမခေါ်နိုင် မပြောနိုင်ဖြစ်နေကြတာ တစ်လတောင်ကျော်ပြီမဟုတ်လား။ ဒါ့ ကြောင့် လူတွေရဲကသည်းခံခွင့်လွှတ်တတ်တဲ့ စိတ်ကိုရာထူး ဂုဏ်ဒြပ်တွေက သက်ရောက်မှုတွေရှိနေပါလားလို့တွေးမိ တယ်။ ကျွန်တော်တို့ လူငယ်တွေကော တစ်နေ့ဒီလိုအနေအထားတွေဖြစ်မလာဘူးလို့ မပြောနိုင်ဘူးနော်.......
ကျွန်တော်တောင်စဉ်ရေမရ တွေးနေတာနဲ့ မြန်မာ့အသံက ကိုရီးယားကားတောင်ပြီးသွားပြီ။ ကိုရီးယားပြီးတာနဲ့ ၀ါတွင်းအထိမ်းအမှတ်လုပ်တဲ့ တရားပွဲစတဲ့အသံကြားလာရတယ်။ အခုနောက်ပိုင်းကိုရီးယားကားတွေ ပြကတည်းက တရားတွေဟာ ကိုရီးယားကားတွေနဲ့ အချိန်လွှဲပြီး လုပ်ကြရတာထုံးစံတစ်ခုအောင်ဖြစ်နေပြီ။
တရားဟောနေတဲ့ဆရာတော်ရဲ့အသံက မီးပြတ်သွားလို့ အသံပျောက်သွားတယ်။ သိပ်မကြာခင် ဆရာတော် အသံကို ပြန်ကြားရတယ်။ သြော် ... မီးပျက်မှာသိလို့ ကြိုတင်ပြင်ဆင်ထားကြတယ်။ မဆိုးဘူးအမျှော်အမြင်ရှိ သားလို့ တွေးမိတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက သိပ်တော်ကြပါလားလို့လဲ ဂုဏ်ယူမိလိုက်သေးတယ်။ တစ်ခုခု အဆင်မပြေရင် မပြေပြေအောင် ကြံဖန်ပြီးလုပ်တတ်ကြလွန်းလို့လေ။ မီးပြတ်တဲ့ကိစ္စတစ်ခုတည်းကိုမှ မဟုတ်ပါဘူး။ အရာရာတိုင်းမှာပေါ့။ ဒါကြောင့်ပဲ ကားတစ်ပတ်ရစ်တွေ၊ စက်ပစ္စည်းတစ်ပတ်ရစ်တွေဟာ သူများနိုင်ငံတွေမှာ သုံးမရ တော့ဘူးထင်ပေမယ့် ကျွန်တော်တို့ဆီမှာတော့ နှစ်ရှည်လများ အသုံးဝင်နေဆဲပဲမဟုတ်လား။ ဆရာတော် ဟောတဲ့ တရားထဲမှာ စိတ်တွေတည်ငြိမ်ဖို့ ၀ိပဿနာတရားမှတ်ရမယ်လို့ နာယူလိုက်ရတယ်။ အင်း ...ကျွန်တော်ရဲ့ မတည်ငြိမ်တဲ့စိတ်တွေခဏအနားရအောင် ၀င်သက်ထွက်သက်လေးမှတ်ဖို့ ကြိုးစားကြည့်လိုက်ဦးမယ်။ ကုသိုလ်လဲနဲနဲ ပါးပါးရလိုရငြားပေါ့။ ကျွန်တော့်အသက်ကလည်း ၂၅ နှစ်ပြည့်ဖို့ ၂ ရက်ပဲ လိုတော့တာဆိုတော့ တရားလေးဘာလေး တော့ မှတ်ဖူးတယ်ရှိအောင်လို့ပေါ့ဗျာ ...။
ဝါဆိုဦး
၂၇-၇-၀၇





ချစ်ခြင်းတစ်ခု၏အဆုံးစွန်…….


(၁)

“ကို ‘ဒါဘယ်သူ့ဖုန်းနံပါတ်လဲ၊ သဇင်ဆိုတာ ဘယ်ကလဲ၊ မှန်မှန်ပြောနော်”

သံသယမျက်ဝန်းများဖြင့် ခပ်စူးစူးစိုက်ကြည့်ရင်း မေးလာသော ချို့ကိုသူမော့ကြည့်မိသည်။ ချို့ အကြည့်အောက်တွင် ပြစ်မှုကျူးလွန်ထားသော တရားခံတစ်ယောက်ပမာ ခံစားရသည်။

“သြော် ချိုရယ် ကိုယ့်ဆိုင်က customer အသစ်ပါ။ ကုမ္ပဏီပစ္စည်းတွေပြတ်နေလို့ ရောက်ရင် အကြောင်းကြားဖို့ ဖုန်းနံပါတ်ပေးထားတာ”

သူသည် ချို့ကို စကားနည်းရန်စဲသဘောမျိုး ပြောလိုက်ရသော်လည်း ထိုသို့သော သံသယအကြည့်၊ သံ သယမေးခွန်းတို့အား မုန်းတီးလွန်းလှသည်။ သူ ချို့ကိုသိပ်ချစ်ပါသည်။ သူချစ်သည်ကိုလည်း ချိုသိပါသည်။ အစစအရာရာတွင် ချို့အတွက် လိုလေသေးမရှိ ဖြည့်ဆည်းပေးခဲ့သည်။ သို့ရာတွင် သူ့ယူဆချက်မှာ ချို့ကိုသာ အချစ်ဆုံး၊ အလေးထားဆုံးဟု ဆိုသော်လည်း အပျော်သဘော မိန်းကလေးမိတ်ဆွေအချို့ကိုလည်း ချို့ကွယ်ရာ တွင် ထားရှိမြဲဖြစ်သည်။

ချိုနှင့်သူ ချစ်ခဲ့တာကြာသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သော်လည်း ဘယ်သောအခါမှ ချိုသူ့ကိုစိတ်မချ ချေ။ သူစိတ်ကစားတတ်သည်ကိုသိ၍လည်း ချို့သံသယတို့ အမြဲမပြတ်ရှိနေသည်။ ချို့သံသယနှင့် သူ၏လွတ် လပ်မှုကို လိုလားသောစိတ်တို့အကြားတွင် အမြဲတမ်း ပဋိပက္ခပွားနေရသည်ကို သူစိတ်ပျက်မိသည်။

“ဟယ်လို ချိုလား၊ ကိုယ်ပါ ‘ဒီနေ့အလုပ်ကိစ္စလေးတွေမပြတ်သေးလို့ ချို့ကိုလာမကြိုနိုင်တော့ဘူး။ ပြန် နှင့်တော့နော် ကိုယ့အပြန် ချို့ဆီဝင်ခဲ့မယ်။ ချို အိမ်ကပဲစောင့်နေပါ”

ဒီနေ့ညနေ အလုပ်ကိစ္စမပြတ်၍ ရုံးချုပ်သို့ သူသွားရန်ရှိသဖြင့် ချို့ထံ သံတော်ဦးတင်နေခြင်းဖြစ်သည်။

“ဟာ ကိုကလည်း ဘာကိစ္စအရေးတကြီးရှိလို့လဲ၊ မရဘူး ကိုလာမကြိုရင် ချိုပဲကိုယ့်ကိုလာကြိုမယ်၊ ကို အလုပ်ပြီးတဲ့အထိ ချိုစောင့်မယ်”

ချိုကား ထုံးစံအတိုင်း စိတ်မချပေ။ ချို့သ၀န်တိုမှုမျာအကြားတွင် အသက်ရှူပင်ကြပ်လာသကဲ့သို့ ခံစား ရသည်။သို့သော် ချိုစိတ်ကောက်မည်စိုး၍ ချို့အလိုအတိုင်း လိုက်လျောရတော့သည်။

သည်လိုနှင့် ညနေခင်းရုံးဆင်းချိန်များသည် သူကချို့ကိုကြိုလိုက်၊ သူမအားလျှင် သူ့ကိုကြိုလိုက်နှင့် ပုံမှန်လည်ပတ်လျက်ရှိသည်။ တစ်ခါတစ်ရံတွင်လည်း ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နှင့် နေ့ရက်တို့အား တရွေရွေ့

ကုန်ဆုံးလျက်ရှိပြီး ကံဆိုးမိုးနှောင်းကျမည့်နေ့ရက်တို့ကို ကြို မမြင်နိုင်ခဲ့ချေ။

“မင်းမင်း အစ်မ မင်းတို့ဆိုင်က အင်ဂျင်ဝိုင် ၂ ပီပါလောက်လာယူမယ်။ ဒီဘက်ရုံးမှာပစ္စည်းပြတ်နေလို့”

သူ့အထက်မန်နေဂျာ မမိုးမှ ဖုန်းဆက်ပြောသဖြင့် ထမင်းစားမသွားသေးဘဲ စောင့်ဆိုင်းနေရသည်။ မမိုး ကား အသက် ၃၀ နီးပါးရှိပြီဖြစ်ပြီး တည်ငြိမ်ရင့်ကျက်မှုဖြင့် အလုပ်လုပ်ရာတွင်လည်း စနစ်တကျရှိသဖြင့် သူ အထင်ကြီးရသူဖြစ်သည်။ သူ့အပေါ်တွင်လည်း မောင်တစ်ယောက်ကဲ့သို့ နားလည်ပေးပြီး ချိုနှင့်သူ၏အဆင်မ ပြေမှုများအား မကြာခဏ ရင်ဖွင့်တိုင်ပင်ရာပင်ဖြစ်သည်။ ချို့သ၀န်တိုမှုများအပေါ်တွင် တစ်ခါတစ်ရံ စိတ်ပျက် ပြီး ချိုသာ မမိုးလိုဆိုလျှင် ဘယ်လောက်ကောင်းလိုက်မည်လဲဟူသော အတွေးမျိုးပင် တွေးတတ်လာသည်။

“မင်းမင်းရေ အစ်မကိစ္စတော့ အဆင်ပြေသွားပြီ။ ဟိုဘက်ရုံးမှာ ပစ္စည်းရောက်လာတာနဲ့ ပြန်အစားပို့ လိုက်မယ်။ ဘာမှမစားရသေးဘူးမဟုတ်လား။ လာလေ အတူတူထမင်းသွားစားကြရအောင်”

မမိုး သူ့အပေါ်စာနာနားလည်မှု၊ ခပ်အေးအေးနေ၍ နားပူနားဆာမလုပ်တတ်မှုများအား သ၀န်တိုမှုများ အကြားတွင် ကျဉ်းကျပ်နေသော သူ့စိတ်များအား အင်အားကောင်းကောင်းဖြင့် ဆွဲဆောင်လျက်ရှိသည်။ သည် လိုနှင့် ချှိုနှင့် ပြဿနာတက်တိုင်း သူ့ရင်ဖွင့်တိုင်ပင်စရာသည် မမိုးဖြစ်လာခဲ့ပြီး သူနှင့်မမိုးတို့အား တစ်စတစ်စ ပိုမိုနီးကပ်လာစေခဲ့သည်။

(၂)

“ကို အခုတစ်လော ရုံးမှာညနေတိုင်း overtime ရှိလို့ ချို့ကိုလာမကြိုနိုင်မှာ မဟုတ်ဘူး။ ချို ကိုယ့်ဘာသာ ပြန်နှင့်၊ လာမကြိုနှင့်တော့။ ချို ပင်ပန်းမှာစိုးလို့”

ကို ဒီလိုဖုန်းဆက်ပြောတိုင်း ချိုစိတ်မကောင်းဖြစ်ရသည်။ အတူပြန်နေကြ ညနေခင်းများသည် ကိုမပါသောအခါ လစ်ဟာလွန်းလှသည်။ ချို့ဘ၀တွင်ကို့ကို အမြတ်နိုးဆုံး၊ အတွယ်တာဆုံးဖြစ်သည်။ အရာ ရာတွင် စည်းစနစ်တကျဆောင်ရွက်တတ်သော၊ ထက်မြက်လွန်းသော ကို့ကို ချို အမြဲရှေ့တန်းတင်သည်။ ချို လုပ်ဆောင်သမျှတိုင်းသည် ကို့အာဘော်များနှင့်မကင်းချေ။ ကို့ကို ချိုသိပ်ချစ်သလို ဆုံးရှုံးရမှာကိုလည်းသိပ် ကြောက်လာသည်။ ချို့ဘ၀ထဲတွင် ကိုများမရှိတော့လျှင် ချို အသက်ဆက်ရှင်ရန်ပင် ခဲယဉ်းပေလိမ့်မည်ဟု ယုံကြည်ထင်မှတ်ထားလေသည်။ သို့သော် ချိုအသက်တမျှ တန်ဖိုးထားရသော ကိုက ချို့သံသယများကြားမှ လှပစွာလိမ်ညာခဲ့လေသည်။

ကို overtime ရက်များက နေ့စဉ်ရက်ဆက်ဆိုသလိုပင်။ ချို ကို့ ရုံးကိုဖုန်းဆက်သောအခါတိုင်း လည်း ကိုပြန်သွားပြီဟုသာ အဖြေရမြဲဖြစ်သဖြင့် ချို့သံသယတို့ ပိုကြီးထွားလာရသည်။

“ကိုက သူဌေးနဲ့လျှောက်လိုက်နေရတယ်။ ရုံးဆင်းတဲ့အချိန် သူနဲ့အတူပြန်ရတော့ သူ့ကိစ္စတွေမပြတ် မချင်း ကိုလည်းပြန်လို့မရဘူးလေ။ ချို စိတ်မပူပါနဲ့။ ကို့လို သစ္စာရှိတဲ့ယောက်ျားမျိုး ရှာကြည့်ပါဦး၊ ထမင်း ထုပ်တောင်သိုးသွားဦမယ်”

ဒီလိုအပြောများကြောင့် ချို့သံသယတို့ ပြေပျောက်ရပြန်သည်။ ကိုသည် မမှန်သောစကားများကို လိပ်ပြာ လုံစွာဖြင့် ဆိုတတ်မည်ဟု ချို အိပ်မက်ပင် မမက်ခဲ့ဖူးပေ။

“ကို ဒီလိုလုပ်ရပ်မျိုး လုပ်ရက်တယ်လို့ ချိုမထင်ဘူး။ ပြောစမ်းပါ အဲဒီမိန်းမက ဘယ်ကလဲ၊ ဘယ် သူလဲ၊ ချို့သူငယ်ချင်းတွေကို ရုံးနားမှာရှိတာ ကိုသိတယ်နော်။ သူတို့က ကို့ကိုတစ်ခြားမိန်းမတစ်ယောက် နဲ့တွဲသွားတာတွေ့တယ်တဲ့။ ဓာတ်ပုံတောင်ခိုးရိုက်ထားတယ်လို့ပြောတယ်။ အဲဒါဘယ်သူလဲ၊ ချို့ကိုပြော စမ်း ပါ”

ချိုလုပ်ကြံဖန်တီး၍ အကွက်ဆင်မေးသောမေးခွန်းများကြောင့် ခေါင်းငိုက်စိုက်ကျ၍ နှုတ်ဆိတ်သွား သောအခါ ချို့ရင်တစ်ခုလုံး ပွင့်ထွက်သွားမတတ် အံ့သြမင်တက်သွားရသည်။

ဒါဆို ဒီလုပ်ရပ်မျိုးကို တကယ်ကျူးလွန်ခဲ့တယ်ပေါ့။ ငါလုပ်ကြံပြီးမေးတဲ့အပေါ်မှာ သူတကယ်ဟုတ် နေတယ်ပေါ့ ဆိုသောအတွေးသည် ချို့စိတ်နှလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ခေါင်းငိုက်စိုက်ကျလျက် ဆိတ်ဆိတ်နေသော ကို့ဝန်ခံမှုက ချို့အား အသိမဲ့သူပမာ ဖြစ်စေခဲ့သည်။

ချို့ဘ၀တွင် ရုတ်တရက် အပြင်းထန်ဆုံးသော အလဲထိုးခံရမှုဖြစ်သည်။ ဒီလိုပုံစံမျိုး ဒီလိုလုပ်ရပ် မျိုးဖြင့် ချို့အပေါ်လုပ်ရက်မည်ဟု စိုးစဉ်းမျှပင်မတွေးဖူးပေ။

“ကဲ ဒါဖြင့် ကို ချိုနဲ့ သူ့ကို ဘယ်သူ့ကိုရွေးမလဲ။ ကိုသူ့ကိုဖြတ်လိုက်။ ချိုတို့ အရင်လိုပဲ ပြန် နေကြရအောင်။ ချိုအားလုံးကို မေ့ပစ်လိုက်မယ်”

“ဒါပေမယ်ချို ကို သူ့ကိုမဖြတ်နိုင်တော့ဘူး။ သူနဲ့နေရတာ ကိုယ်စိတ်ချမ်းသာတယ်”

“ဘာ ကို ဘာပြောလိုက်တာလဲ။ ချို ဘယ်လိုနားလည်ရမှာလဲ။ ကို ချို့ကိုသိပ်ချစ်တယ်ဆို။ ဘာလို့ဒီလိုလုပ်ရပ်မျိုးကို ဖန်တီးရတာလဲ။ ကို ချို့ကိုမချစ်ခဲ့ဘူးလား ပြောစမ်းပါဦး”

“ကို ချို့ကို သနားတယ်”

“ချို့ကိုသနားတယ်။ ‘ဒါဖြင့် ချို့ကို ကိုမချစ်ခဲ့ဘူးပေါ့၊ ဟုတ်လားကို၊ ကိုချစ်တာ အဲဒီမိန်းမကိုပေါ့”

ချို့နှလုံးသားသည် ချော်ရည်ပူများဖြင့် သွန်းလောင်းခံရသလို လောင်မြိုက်လျက်ရှိသည်။ ချို့ကို သနားတာဆိုသောစကားသံသည်သာ နားထဲတွင်ပဲ့တင်ထပ်လျက်ရှိသည်။ ချို့အပေါ် မေတ္တာမရှိတော့ သူ့ ထံပါးတွင် ချိုတစ်စက္ကန့်မျှ မနေလိုတော့ပါပြီ။

“အေးလေ ကိုမှချို့ကိုမချစ်ခဲတာ။ ထားလိုက်ပါတော့။ ချိုအစထဲကပြောခဲ့ဖူးပါတယ်။ ကို ချို့ကိုမလို ချင်တော့ရင် မလိုအပ်တော့ရင် ဖွင့်ပြောပါ။ ချို့ကွယ်ရာမှာတော့ မဟုတ်တာမလုပ်ပါနဲ့။ ချို အသာတကြည် နောက်ဆုတ်ပေးပါ့မယ်လို့ ချိုပြောခဲ့ဖူးပါတယ်။ ဘာလို့ အခုလို ဖုံးကွယ်လိမ်ညာထားရတာလဲ”

ချို့မေးခွန်းများအား ကိုကခေါင်းငိုက်စိုက်ဖြင့် တစ်ခွန်းမျှပြန်လည်ဖြေကြားခြင်းမရှိပေ။ ချိုမြတ်နိုး သောကိုကား ချိုနှင့်မသိကျွမ်းခဲ့ဖူးသောသူတစ်ယောက်ပမာ စိမ်းဆတ်လွန်းလှသည်။ ထိုခံစားချက်ကားဘယ် သောအခါမှ ချိုမေ့ပျောက်နိုင်တော့မည်မဟုတ်။

အချစ်နှင့်ပတ်သက်သော ချို့မျှော်လင့်ချက်။ ချို့အိပ်မက်များသည် နေအလာတွင် လွင့်ပြယ်ကုန်သော နှင်းများကဲ့သို့ လွင့်ပါးခဲ့လေပြီ။ ချို၏ ယုံကြည်တတ်သောစိတ်သည် လိမ်ညာခံနေမှုအဆုံး၌ အဆုံးစွန်သော သံသယတို့ဖြင့် ပြောင်းလဲသွားလေသည်။ ချို၏နုနယ်သော ခံစားထိရှလွယ်သော နှလုံးသားကား ထုံထိုင်း အေးစက်သော အလွှာတစ်ထပ် ဖုံးအုပ်သွားခဲ့ပြီး နောက်ကွယ်တွင်လည်း ခါးသီးနာကျင်မှုများသာ ကျန်ရှိနေ တော့သည်။

(၃)

လမ်းခွဲသည့်နေ့တွင် ချို မျက်ရည်မကျဘဲ အပြုံးမပျက်ခဲ့သော်လည်း ထိုနေ့၏ နောက်ရက်များတွင် ချိုငိုသည်။ ရုံးသွားရာလမ်းတစ်လျှောက် ကားပေါ်တွင်လည်း မျက်ရည်မဆည်နိုင် ငိုမိသည်။ အဖြစ်အပျက် တို့ကား အိပ်မက်ဆန်လွန်းလှသည်။ သူတကာအားကျရသော ချိုတို့စုံတွဲကို ကွဲကွာကြလိမ့်မည်ဟု မည်သူမျှ မယုံကြည်ကြချေ။ ချို့မျက်ရည်တို့ကာ တော်တော်နှင့် မခန်းနိုင်၊ နေ့စဉ်ရက်ဆက်ဆိုသလို သတိရတိုင်း၊ တမ်းတတိုင်း ချိုငိုသည်မှာ ၃ လနီးပါးခန့်အထိကြာအောင်ငိုသည်။ အချိန်ကြာလာသော်လည်း ချို့ခံစားချက် ကား မနေ့တစ်နေ့ကလိုပင် လတ်ဆတ်ဆဲရှိသည်။

ချို့ဘ၀တွင် သူ့ကိုအချစ်ဆုံးဖြစ်ခဲ့သလို အနာကြည်းဆုံး အမုန်းတီးဆုံးလည်းဖြစ်သည်။ သူ့ကြောင့် ပင် ချို့နှလုံးသားသည် အေးခဲထုံကျင်ခဲ့ရပြီး မည်သူနှင့်မျှ ပတ်သက်၍ မခံစားတတ်တော့ပေ။ ချို့တွင် ဥပေ က္ခာနှင့် သံသယအတွေးများသာ ကျန်ရှိနေခဲ့တော့သည်။

(၄)

ချှိုနှင့်လမ်းခွဲခဲ့ပြီးနောက် မမိုးထံတွင် လွတ်လပ်အေးချမ်းစွာ၊ သံသယကင်းကင်း နေထိုင်ရသောဘ၀ ကို သူပျော်မည်ဟုထင်ခဲ့သည်။ သို့သော် သူ့အထင်နှင့်အမြင်များကား တက်တက်စင်အောင်လွဲခဲ့မှန်း နောက် ကျမှ သူသိခဲ့ရသည်။

မမိုးက သူယူဆခဲ့သလို အေးချမ်းငြိမ်သက်လွန်းတော့ ခွင့်လွှတ်နားလည်တတ်လွန်းသောမိန်းမတစ် ယောက်မဟုတ်ဘဲ ဥပက္ခောပြုနိုင်လွန်းသော မာနကြီးလွန်းသော၊ ဂရုမစိုက်တတ်ဆုံးသော အမျိုးသမီးတစ် ယောက်သာ ဖြစ်လေသည်။ ချစ်သူဘ၀ ကြင်နာယုယမှုများအားလည်း နားမလည်။ သူ့အပေါ်လည်း သ၀န်တိုခြင်း အလျဉ်းမရှိ။ အောင်မြင်မှု ဆုံးရှုံးမှုများအားလည်း ချစ်သူနှင့်အတူ မျှဝေစားသုံးရကောင်းမှန်း လည်း မသိခဲ့ပေ။ ချို့အပေါ်တွင် သြဇာညောင်းခဲ့သမျှ ဦးဆောင်နိုင်ခဲ့သမျှ သူသည် သူ့ထက်အသက် ၅ နှစ် မျှကြီးသော မမိုးထံပါးတွင် နန်းကျဘုရင်တစ်ပါးကဲ့သို့ သိမ်ငယ်စွာခံစားရသည်။ ယောက်ျားတို့၏ ဦး ဆောင်လိုသောစိတ်သည် မမိုးထံပါးရောက်လျှင် ငုံ့လျှိုးသွားရစမြဲဖြစ်သည်။

ထိုခံစားချက်များအကြားတွင် ချို့ကို သူပိုတိုးလို့လွမ်းဆွတ်မိသည်။ ဝေးခဲ့ပြီးသည့်နောက်ပိုင်းလည်း မေ့ဖျောက်မရနိုင်ခဲ့ပေ။ အရင်ကအချိန်များကကဲ့သို့ ချိုကစ၍ ဆက်သွယ်လာရန် မျှော်လင့်မိသော်လည်း ချိုကား အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပေပြီ။ သူသည် နှောင်းနောင်တများအား ပွေ့ပိုက်၍ နွေးထွေးမှု ကင်းသောရင်ခွင်တစ်ခုတွင် ခိုလှုံရင်း ချို့ရင်ငွေ့နွေးနွေးကို ပြင်းပြစွာ တမ်းတမိသည်။ စိတ်ကောက်လိုက်၊ ပြန်ချော့လိုက်ဆိုသည်ကို အချစ်၏နွေးထွေးမှု၊ သ၀န်တိုမှုသည် အချစ်၏ပြယုဂ်ဆိုသည်ကို သူသိမြင်လာချိန်

တွင် ချို့အနားတွင် သူနေခွင့်မရှိတော့ပေ။

“ချို ကိုယ် ချို့ကိုသတိရလို့ ဖုန်းဆက်တာပါ။ ချို နေရောကောင်းရဲ့လား။ ကိုယ် ချို့ကိုတစ်နေ့မှ မေ့လို့မရဘူး။ ချို့ကိုတွေ့ချင်တယ်။ တွေ့ခွင့်ဘယ်တော့ရမလဲ”

သူ ဖုန်းဆက်တိုင်း ချို့ထံမှ နင့်သီးသောစကားလုံးများဖြင့် တိုက်ခိုက်ပြီး ဖုန်းချပစ်လိုက်သည်ကိုသာ ခံရသည်။ သို့သော် သူ ချို့ကိုဖုန်းဆက်ချင်သည်။ ချို့အသံကို ကြားချင်သည်။ ချို့ကိုသူတွေ့လိုလှသည်။ အကြိမ်ကြိမ်ကြိုးစား၍ လအတန်ကြာမှ ချိုက သူ့ကိုသာမန်မိတ်ဆွေပုံစံမျိုးဖြင့် တွေ့ခွင့်ပေးသည်။

“ချို့ကို ကိုယ်ဝန်ခံပါရစေ။ ကိုယ့်ဘ၀မှာ ချို့ကို အချစ်ခဲ့ဆုံးပဲ။ ကို အရမ်းနောင်တရတယ်။ ချို့ဆီ ပြန်လာချင်တယ်။ ချို ပြန်စဉ်းစားပေးပါ”

“နင်ရွေးချယ်တဲ့လမ်းပဲ နင့်ဇာတ်နင်နိုင်အောင်ကပေါ့။ ငါကတော့ ခုချိန်မှာ ဘာမှမတတ်နိုင်တော့ဘူး။ နင်ဘယ်လိုပုံစံမျိုးနဲ့ဘဲ ပြန်လာပြန်လာ ငါနင့်ကိုလက်မခံနိုင်ဘူး။ နင်မလိုချင်လို့ ငါ့ကို ထားခဲ့တာပဲ။ နင် တန်ဖိုးထားတဲ့ နင့်မမနဲ့နင် စိတ်ချမ်းသာအောင်ကြည်နေပေါ့ဟာ။ ငါကတော့ အခုချိန်မှာ ဘယ်သူ့အတွက်မှ ခံစားချက်မရှိဘူး။ နင်အပါအ၀င်ပေါ့။ ငါအခု အရမ်းစိတ်ချမ်းသာနေတယ်။ လွတ်လပ်တဲ့ အချုပ်အနှောင် ကင်းတဲ့ဘ၀မှာ နေပျော်နေပြီ။ ငါ့နင့်ဘ၀ထဲ ပြန်မလာတော့ဘူး။ အခု ငါ့တိုင်းပြည်ကို ငါအုပ်ချုပ်နေတယ်။ ဘယ်သူ့သြဇာမှ ခံစရာမလိုသလို ဘယ်ယောက်ျားမှလဲ ငါ့ကိုစိတ်ဆင်းရဲအောင် မလုပ်နိုင်တော့ဘူး။ ငါ ဒီ ဘ၀မှာပျော်နေပြီ။ နင်ငါ့ကို မနှောက်ယှက်ပါနဲ့တော့”

ချို့စကားသံတို့သည် ပုံမှန်ပင်။ မတင်းလွန်းမလျော့လွန်း။ အကြည့်တို့လည်း တည်ငြိမ်လွန်းလှ သည်။ ချိုကား သူနှင့်ချစ်ခဲ့စဉ်ကလို ထိခိုက်ခံစားလွယ်သော၊ သ၀န်တိုတတ်လွန်းသော မိန်းကလေးမဟုတ် တော့။ ခံစားချက်ကင်းမဲ့သော ချို့အသံများအား သူမကြားရဲ၊ မခံစားရဲတော့ပေ။ ချိုနှင့် လမ်းခွဲချိန်မှစ၍ မျှော်လင့်ချက်သေဆုံးခဲ့ရသောသူနှင့် ဆန့်ကျင်လှစွာ ချို၏မျက်ဝန်း(တို့တွင် ဘ၀အတွက် မျှော်လင့်ချက်အ လင်းရောင်တို့ တောက်ပလျက်ရှိနေသည်။) တို့တွင် မိမိကိုယ်မိမိ ယုံကြည်ကိုးစားသော၊ အနာဂတ်အတွက် မျှော်လင့်ချက်အလင်းရောင်တို့ဖြင့် တောက်ပလျက်ရှိနေသည်ကို သူ ငေးမောနေရုံမှတစ်ပါး . . . . . .။

မလိုတော့ပါဘူး

ချစ်ခဲ့ဖူးသလို

မုန်းလဲမုန်းခဲ့ဖူးပြီပဲ

ပျော်ရွှင်ချမ်းမြေ့မှု

သုံးချိုးတစ်ချိုးတောင်မရှိတဲ့

၁၅၀၀ ချစ်ခြင်းထဲမှာ

ဘာလို့ထပ်အပူခံဦးမလဲ

ချစ်ခြင်းမုန်းခြင်းတွေနဲ့ဝေးရာ

စည်းတက်ဖက်ခြမ်းမှာ

ခပ်အေးအေးပဲနေတော့မယ် . . . . .။




မိုးနှင့်အတူလေယူရာသို့ 


လယ်ကွင်းပြင်များကိုဖြတ၍်တိုက်ခတ်လာသောလေအဝေ့တွင်

မိုးငွေ့ မိုးသက်တို့ ကိုခံစားရသည်။မကြာမီမိုးရွာတော့မည်ထင်သည်။

မိုး၏အငွေ့ အသက်ကားစကားလုံးတို့ ဖြင့်ဖော်ပြရန်ခက်ခဲသော်လည်း

မိုး၏ရှေ့ တော်ပြေးလေညင်းကအချက်ပေးနေသကဲ့သို့ ရှိသည်။

သူမရောက်ရှိနေသောနေရာသည်အိမ်နှင့် အတန်ငယ်အလှမ်းဝေးသော

စပါးခင်းများ၏အစပ်တွင်ဖြစ်သည်။အစိမ်းနုရောင်စပါးပင်ပျိုတို့ က

လေအဝေ့တွင်ကခုန်နေပြီးမိုးအလာကိုကြိုလင့်နေကြသကဲ့သို့ ရှိနေသည်။

မိုးရွာတော့မည်ကိုသိ၍်ျထင့်အစာရှာထွက်လာသောကျေးငှက်များ၏အသံကိုပင်

မကြားရတော့ချေ။ခင်တွယ်ရာနွေးထွေးသေိာအသိုက်အမြုံများဆီသို့ ပျံသန်းကြပေ

ပြီ။

ကွင်းပြင်တစ်ခုလုံးတွင်သူမတစ်ဦးတည်းသာကျန်ရှိနေတော့သည်။ထိုခံစားချက်က

အထီးကျန်ဆန်လွန်းလှသလိုရင်တွင်းကတမ်းတမှုတို့ ကိုလည်းတမြေ့ မြေ့ နိုးကြားလာ

စေရန်တွန်းအားပေးနေသကဲ့သို့ ရှိနေသည်။မိုးကခပ်ဖွဲဖွဲစတင်ရွာလာသည်။

အမိုးအကာမပါသူမကမိုးလွတ်ရာဆီသို့ ပြေးရန်မကြိုးစားဖြေးဖြေးမှန်မှန်ပင်

မိုးဖွဲများအကြားလျှောက်လှမ်းနေမိသည်။အေးမြသောမိုးရေစက်များက

ရင်တွင်းအပူကိုငြိမ်းသတ်နိုင်မည်ဟုမျှော်လင့်မိသော်လည်းခံစားချက်

ဝေဒနာတို့ကိုမောင့်မေတ္တာမှတပါးအေးငြိမ်းစေဖွယ်ရာမရှိသည်ကိုလည်း

ရင်တွင်းမှဘာသာသိနေသည်။

မောင့်ကိုတမ်းတမှု ၊ လွမ်းဆွတ်မှုတို့ မှအဆုံးသတ်နိုင်ရန်မောင်နှင့်အတူ

ကျင်လည်ခဲ့ဖူးရာနယ်မြေဆီမှဖယ်ခွာခဲ့သော်လည်းထိုခံစားမှုတို့ မှ

မလွတ်မြောက်နိုင်သေး။နေရာတိုင်းတွင်မိုးနှင့်အတူမောင့်အငွေ့ အသက်

တို့ ကိုပါထိတွေ့ ခံစားနေရဆဲဖြစ်သည်။မောင်သည်သူမဘ၀ထဲသို့ 

မိုးနှင့်အတူဝင်ရောက်လာခဲ့ပြီးထိုမိုးနှင့်အတူပင်သူမဘ၀ထဲမှထာဝရ

နှုတ်ဆက်ထွက်ခွာသွားခဲ့လေသည်။

မိုးဖွဲများကတဖြည်းဖြည်းသည်းထန်သောမိုးရေပေါက်များအဖြစ်

အသွင်ပြောင်းလာသည်။သူမပါးပြင်ပေါ်တွင်အေးမြသောမိုးရေစီးကြောင်း

များအကြားခပ်နွေးနွေးရေစီးကြောင်းတစ်ခုပါရွာသွန်းလျှက်ရှိသည်။

မိုးရေလားမျက်ရည်လားမကွဲပြားသော်လည်းထုတ်ဖော်မပြချင်သော

မျက်ရည်တို့ အားမိုးရေပေါက်များကအကာအကွယ်ပေးလျှက်ရှိသည်။

မောင့်ကိုတမ်းတလွမ်းဆွတ်မှုတို့သည်ရင်နင့်အောင်ခံစားရလွန်း၍

ဤခံစားမှုအားလုံးမိုးရေစက်များနှင့်အတူမျောပါသွားလျှင်ကောင်း

မည်ဟုတောင့်တမိသည်။

သို့ သော်နာကျင်မှုတို့ ကအရာမယွင်းမသိစိတ်သည်မသိလိုက်မသိ

ဘာသာပင်မောင်နှင့်ကြုံဆုံခဲ့သောအတိတ်နေ့ ရက်များဆီသို့ 

အပြေးသွားလျှက်ရှိသည်။ထိုနေ့ ကမိုးရာသီ၏သာမန်ရက်တစ်ရက်သာ

ဖြစ်နေခဲ့ပြီးမိုးကခပ်ဖွဲဖွဲစွေလျှက်ရှိသည်။မောင်နှင့်သူမ၏တွေ့ ဆုံခဲ့ခြင်း

သည်လည်းမဆန်းပြားလှဘဲသူငယ်ချင်းတစ်ယောက်၏မိတ်ဆက်ပေး

မှုဖြင့် သိကျွမ်းမှုစတင်ခဲ့သည်။မောင်သည်လူကြီးလူကောင်းဆန်၍

ရင့်ကျက်တည်ငြိမ်သောယောင်္ကျားကောင်းတစ်ယောက်ဖြစ်မှန်း

အကဲခတ်သိနားလည်လာခဲ့ချိန်တွင်သူမရင်ထဲသို့ မောင်ရောက်နှင့်

နေပြီဖြစ်သည်။စတင်တွေ့ ရှိပြီးတစ်နှစ်ခန့် အကြာတွင်သူမတို့ 

နှစ်ဦးချစ်သူများအဖြစ်သို့ ရောက်ရှိခဲ့သည်။

မောင့်အယူအဆမောင့်အတွေးအခေါ်များအားလေးစားအားကျရင်း

မောင့်အပေါ်ချစ်မြတ်နိုးမှုကတစတစပိုမိုနှောင်တွယ်ရစ်ဖွဲ့ လာခဲ့ သည်။

ကျောင်းပြီးသည်နှင့်နယ်မြို့ လေးတစ်မြို့ တွင်ကျောင်းဆရာ ၊ ဆရာမများ

အဖြစ်တာဝန်ထမ်းဆောင်ကြရန်နှစ်ဦးသဘောတူကြည်ဖြူခဲ့ကြသည်။

ဝါသနာတူစိတ်သဘောမျှသောသူမတို့ ချစ်သူနှစ်ဦးအကြားတွင်

ပဋိပက္ခကြီးကြီးမားမားဟူ၍တစ်ခါမျှပင်မရှိဖူးခဲ့။မိဘဆွေမျိုးအသိုင်း

အ၀ိုင်းများအလည်တွင်လည်းကြည်ဖြူစွာအပေးအယူမျှခဲ့ကြသည်။

သို့ ရာတွင်ဇူလိုင်လ၏နောက်ဆုံးရက်တစ်ရက်တွင်ဖြစ်ခဲ့သောဖြစ်ရပ်က

သူမချစ်မြတ်နိုးလှသောမောင့်အားသူမ၏ဘ၀အတွင်းထာဝရဆွဲထုတ်

သွားခဲ့လေသည်။

ထိုနေ့ ကမိုးသည်းပါသည်။မြို့ တွင်းလမ်းဆုံလမ်းခွတစ်နေရာတွင်မောင့်

လက်ကိုခါတိုင်းကဲ့သို့ တွဲ၍လမ်းဖြတ်ကူးလာစဉ်ဖြစ်သည်။ရုတ်တရက်

သူမခန္ဓကိုယ်အားအားနှင့်ဆောင့်တွန်းလိုက်သည်ကိုခံစားရပြီးပလက်

ဖောင်းပေါ်သို့ အရှိန်နှင့်လွင့်တက်သွားပါသည်။တစ်ချိန်တည်းမှာပင်

“အုန်း” ခနဲအသံကြီးတစ်ခုကိုပါကြားလိုက်ရပြီးသည့်နောက်တွင်

သူမရုတ်တရက်သတိလက်လွတ်ဖြစ်ပြီးအမြင်အာရုံများေ၀၀ါး

သွားခဲ့သည်။သတိရရချင်းမောင့်ကိုဝေ့၀ဲရှာဖွေရာကားတစ်စီး၏

ရှေ့ တွင်မောင့်ခန္ဓာာကိုယ်ကိုပုံလျက်သားတွေ့ ရှိလိုက်ရချိန်တွင်

သူမ၏ရင်တစ်ခုလုံးကြေမွသွားခဲ့လေသည်။

မောင်သည်သူမြတ်နိုးသောသူချစ်သောသူမအတွက်အသက်

နှင့်လဲ၍ကာကွယ်သွားခဲ့လေသည်။အသက်ဝိညာဉ်ကင်းကွာနေသော

မောင့်ခန္ဓာကိုယ်ကိုပွေ့ ၍သူမငိုရမည်ကိုပင်မေ့လျော့နေမိသည်။သွေး

ပျက်ခြောက်ခြားဖွယ်ရာဖြစ်ရပ်ဆိုးနှင့်အတူမောင်သည်သူမဘ၀ထဲမှ

ထွက်ခွာသွားခဲ့လေသည်။သို့ သော်မောင့်အရိပ် ၊ မောင့်အငွေ့ အသက်

တို့ သည်ကားသူမသွားလေရာနေရာတိုင်းတွင်ထင်ဟပ်နေဆဲသာဖြစ်သည်။

မိုးကားသည်းရာမှတဖြည်းဖြည်းပြန်လည်စဲသွားပြီးနောက်ဆုံးတွင်လုံးဝ

မိုးတိတ်သွားပေပြီ။ခပ်စောစောကမှောင်နေသောကောင်းကင်ပြင်သည်လည်း

မိုးသားကင်းစင်ပြီးပြန်လည်ကြည်လင်လာပေသည်။သို့ ရာတွင်မိုးရွာသွန်းခဲ့

သောပြယုဂ်အဖြစ်သစ်ပင်တို့ စိုစွတ်နေဆဲဖြစ်ပြီး ၊ ရေအိုင်ငယ်များကိုလည်း

ဟိုတစ်ကွက်သည်တစ်ကွက်မြင်တွေ့ နေရဆဲဖြစ်သည်။မိုးထဲလေထဲဖြတ်သန်း

ခဲ့ရသောသူမ၏ကိုယ်ခန္ဒ္ဓာတစ်ခုလုံးသည် မိုးရေတို့ ဖြင့်စိုစွတ်နေဆဲဖြစ်သည်။

ထို့ အတူမောင့်ကိုတမ်းတမိသောသူမ၏စိတ်နှလုံးသည်လည်း …….။ ။

မိုးနှင့်အတူ

လေယူရာသို့ 

ဆောင်ယူလွင့်ပါး

ချစ်ရက်များကို

ရင်မှာသိုသိပ်

ခပ်မဆိတ်လည်း

မတမ်းမီကလွမ်းနှင့်သည် ။

No comments: