Friday, June 22, 2007

ဝါဆို

ငယ်သရုပ်


လူတွေအားလုံးတွင် အမှတ်ရစရာအတိတ်ဖြစ်ရပ်ကိုယ်စီ ရှိကြပေမည်။ပျော်ရွှင်ကြည်နူးမှုများ၊ ခါးသီးနာကျင်မှုများ ၊ အားမလိုအားမရ မချင့်မရဲဖြစ်စရာများစသောအရောင်စုံဝိသေသစုံကွဲပြားလျှက်ရှိသောအတိတ်ဇာတ်ကြောင်း

များစွာရှိကြသည့်အနက်ဥမမယ်စာမမြောက်လူလားမမြောက်ခင်ကလေးတို့ ၏ အတိတ်ဖြစ်ရပ်များသည်ရိုးသားဖြူစင်မှုအတိဖြင့် မာယာကင်းစွာလှပနေမည်ဟု ယုံကြည်မိပါသည်။

ကျွန်မအသက် 25 နှစ်တာကာလအတွင်းတွင်လည်း ဖြတ်သန်းမှုအတွေ့ 

အကြုံအမျိုးမျိုးနှင့် အတော်အသင့်လည်းရင့်ကျက်နားလည်ခဲ့ပြီးပြီ။မေ့မရသော

အတိတ်ဖြစ်ရပ်များအနက် 1991 ခုနှစ်ဝန်းကျင်ကာလများကိုကား

အလွမ်းမောမိဆုံးပင်ဖြစ်ပါသည် ။

ကျွန်မ၏ဖေဖေသည်နိုင်ငံ့ဝန်ထမ်းဖြစ်သည်နှင့် အညီ အရပ်ရပ်အနယ်နယ်

သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရပါသည် ။ 1991 ခုနှစ်တွင် ရန်ကုန်နှင့်များ

စွာမဝေးလှသော ငါးဆူတောင်ကျေးရွာသို့ သွားရောက်နေထိုင်ရပါသည် ။

ငါးဆူတောင်တွင် မိသားစုအိမ်တွင်းစီးပွားရေးအနေဖြင့် ပလတ်စတစ်စက်များ

ထောင်ထား ပါသည်။ မေမေ့အကိုကျွန်မဘကြီးနှင့်မိသားစုကလာရောက်ကူညီလုပ်ကိုင်ပေးပါသည်။

ဘကြီး၏သားသမီးလေးဦးလည်းအတူလာရောက်နေထိုင်ကြသဖြင့်ကလေး

တို့ သဘာဝ လက်လက်စင်အောင်ပျော်ရွှင်ခဲ့ကြပါသည် ။

မိသားစုတွင်ကျွန်မကသမီးအကြီးဆုံးဖြစ်ပြီး ယင်းအချိန်ကတတိယတန်းရောက်ရှိနေပြီဖြစ်သည်။

ကျွန်မအောက်အသက်လေးနှစ်ကွာသည့် မောင်လေးကသူငယ်တန်းစတက်နေပြီဖြစ်သည်။

အိမ်တွင်ပလတ်စတစ်လုပ်ငန်းအပြင် နွားမသုံးကောင်လည်းမွေးထားသေးသဖြင့်

ကျောင်းပိတ်ရက်များတွင် ကျွန်မတို့ ကလေးတစ်သိုက်

နွားကျောင်းထွက်ကြရသည်မှာ ပျော်စရာတစ်မျိုးပင်ဖြစ်သည်။

နွားများလွှတ်ကျောင်းရာစားကျက်အနီးတွင် ဇရစ်ပင်များအလွန်ပေါများသဖြင့်

ကျွန်မတို့ ကလေးများအလွန်ပျော်ကြပါသည်။

ကျွန်မတစ်ရပ်သာသာမြင့်သောဇရစ်ပင်များကြားတွင်နုရာရာဇရစ်ရိုးများအား

ခူးရ်ျ အိမ်အပြန်မျက်နှာပန်းလှကြရသည်။ ငါးဆူတောင်ကား

ယခုကဲ့သို့ မဖွံ့ ဖြိုးသေး နိုင်ငံခြားသို့ သစ်သီးတင်ပို့ သူ Exporter များလည်းစိုက်ပျိုးရေး

လာရောက်လုပ်ကိုင်ကြခြင်းမရှိသေးရ်ျ ခြောက်ကပ်ကပ်ရှိနေသော်လည်း ကျေးလက်သဘာဝ

မှာပင်ကလေးများပိုပျော်ကြသည်လားမပြောတတ်။နေပူကျဲတဲတွင်လည်း နွားကျောင်းထွက်ကြသည်။ အသားမည်းမှာလည်းမစိုးရိမ်။

အသားအရောင်များကကြေးနီရောင်ဖြင့် ကျွန်မတို့ မောင်နှမတစ်သိုက်မှာရန်ကုန်ကအမျိုးများ

ပင်မမှတ်မိလောက်အောင် အရောင်ပြောင်းလျှက်ရှိပါသည်။

နွေရာသီသို့ ရောက်လာလျှင်ကား ငါးဆူတောင်၏ ဂ၀ံဆန်သောမြေနီတောင်ကုန်းများ

ကိုတောမီးရှို့ ကြပါသည်။ တောမီးရှို့ ပြီးနှစ်ပတ်ခန့် အကြာတွင် ရန်ကုန်တွင်ငွေပေးဝယ်မှ

စားရသော ပဒတ်စာပင်များ သူ့ ထက်ငါအလုအယက် မြေနီများအကြားမှ တိုးထွက်လာကြလေသည်။ ယင်းအချိန်က နွေရာသီကျောင်းပိတ်ရက်တွင် ကလေးများ

အားလပ်နေကြရာ ပဒတ်စာပင်များသည် သူတို့ အပျင်းဖြေစရာ ဓားစာခံများအဖြစ်တူးဆွခြင်းခံ

ကြရလေသည်။ ပဒတ်စာပင်များကို တို့ စရာအဖြစ်တစ်မျိုး ၊ ဟင်းချိုချက်သောက်ရ်ျတစ်ဖုံ

အမျိုးမျိုးမရိုးရအောင် စားသောက်ရ်ျဝသောအခါတွင်မူ ပဒတ်စာဇာတ်လမ်းတစ်ခန်းရပ်လေသည်။

ပဒတ်စာဇာတ်လမ်းပြီးသောအခါတွင် မေမေ့ဘက်မှဘကြီးတော်သူတစ်ဦး

ငါးဆူတောင်အနီး ရသေ့တောင်တွင်နေထိုင်လျက်ရှိကြောင်း ကြားသိရသဖြင့်

စုံစမ်းကြရာ မှန်ကန်နေသဖြင့် ဘကြီးနေထိုင်ရာ ရသေ့တောင်သို သွားရောက်လည်ပတ်ရန်

စီစဉ်ကြလေသည်။ နှစ်အိမ်ထောင်စုပေါင်းဖြစ်ရ်ျ လူအုပ်ကားမသေးလှပေ။

ထို့ ကြောင့်နွားလှည်းနှစ်စီးငှားရလေသည်။ ကျွန်မတို့ ကလေးအုပ်စုကား

နွားလှည်းတစ်စီးကိုအပိုင်စီးကာ ဆူပူသောင်းကျန်းရ်ျ လိုက်ပါလာကြသည်။.

လမ်းခရီးကတောင်ကုန်းငယ်များပေါများရ်ျ တက်လိုက်ဆင်းလိုက်ရှိပေသည်။

နေ့ လည်နှစ်နာရီခန့် ရောက်သောအခါ ရသေ့တောင်သို့ ရောက်လုနီးပေပြီ။

လှည်းများကား မနားတမ်းမောင်းလာခဲ့သောကြောင့်ထင်၏ ။ အရှေ့ မှလူကြီးများစီးလာသော

လှည်းမှနွားသည် အမောဆို့ အမြုပ်တစ်စီစီထွက်ကာ တုံးလုံးလဲကျသွားလေရာ

လှည်းပေါ်ပါလာသူလူကြီးများအားလုံး ၀ရုန်းသုန်းကား အလန့် တကြားဖြစ်ကုန်ကြသည်။

ထိုအထဲမှ မေမေ့ယောင်းမ ကျွန်မတို့ ကြီးတော်က သူ့ ထမီက သူ့ ခေါင်းပြန်အုပ်

သွားသဖြင့်သူ့ ယောင်္ကျားကျွန်မတို့ ဘကြီးကအလန့် တကြား လိုက်ဆွဲဖုံးရသေးသည်။

သည်လိုနှင့် လှည်းများအား ဒီအတိုင်းထားခဲ့ပြီး နာရီဝက်ခန့် ခြေကျင်ဆက်လျှောက်ကြရသည်။မေမေ့ဘကြီးနေထိုင်ရာသို့ရောက်သောအခါ မွန်းလွဲသုံးနာရီခန့်ရှိနေပေပြီ။ ဘကြီးကားအိမ်တွင်မရှိ ၊ သူစိုက်ပျိုးထားသော ကွမ်းခြံသို့ သွားသည်ဆိုသဖြင့် လမ်းပြဦးလေးတစ်ယောက်နှင့်အတူ ကျွန်မတို့ကလေးတစ်သိုက် ကွမ်းခြံသို့ လိုက်သွားကြသည်။ကွမ်းခြံရောက်သောအခါဘကြီးနှင့်ကပ်လွဲ လွဲပြီး ဘကြီးက အိမ်ပြန်သွားသဖြင့် ပြန်လိုက်ကြရာ လမ်းပျောက်လျက်ရှိနေသည်။ ကျွန်မတို့ကလေးတစ်သိုက်မှာ မိုးကလည်းချုပ်စပြုလာ ၊ ကိုယ်မကျွမ်းကျင်သောနယ်မြေလည်းဖြစ်၍ ဇောချွေးများ ပြန်၍ ရောက်တတ်ရာရာ ဘုရားစာများကို ကပေါက်တိကပေါက်ချာရွတ်ဆိုလျက်ရှိနေကြသည်။

မိုးမှောင်သွားချေပြီ။ တောရိပ်တောင်ရိပ်နှင့် ညကလည်း အအေးပိုလာသည်။ကျွန်မတို့၏ အတွေးတွင် ကြောက်စိတ်နှင့် ၀မ်းနည်းအားငယ်စိတ်တို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် စကားပင်မဆိုမိကြ။အနီးတစ်ဝိုက်တွင်ပင် တစ်ဝဲလည်လည်နှင့် အပြန်လမ်းကို ရှာဖွေနေကြရသည်။ နာရီဝက်ခန့်ကြာသောအခါ “ဝေး ဝေး “ ဟူသော အော်သံနှင့် တောတိုးသံများကြားရပြီး ကျွန်မတို့ လမ်းဟုမထင်ထားသောနေရာမှ ဘကြီးထွက်ပေါ်လာပြီး ကျွန်မတို့အားလုံးကို အိမ်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ပါတော့သည်။ထိုအချိန်ကျမှ ကျွန်မတို့အားလုံး အသက်ပြင်းပြင်း ရှူရဲတော့သည်။

ဘကြီးအိမ်သို့ရောက်ချိန်မှာ ညနေ(၄)နာရီမျှသာ ရှိသေးသော်လည်း တောရိပ်တောင်ရိပ်ကြောင့် မှေင်စပျိုးနေပေပြီ။တစ်နေကုန် လှည်းလမ်းတစ်လျှောက် ဖုန်အလိမ်းလိမ်း ချွေးသံတစ်ရွှဲရွှဲ သွားလာခဲ့သော ကျွန်မတို့အား မေမေက ဘကြီး၏တွင်းရေကိုခပ်၍ တစ်ယောက်ဆယ်မှုတ်ခန့် ခပ်သုတ်သုတ်သန့်ရှင်းရေးလုပ်ပေးပါသည်။တွင်းရေကား စိမ့်၍ အေးလှပါသည်။ရေမိုးချိုးပြီးသည်နှင့် အိမ်မှကြိုတင်ယူလာခဲ့သော စားသောက်စရာများ၊ ဘကြီးအိမ်မှစားစရာများနှင့် ထမင်းပွဲကို လူစုံတက်စုံ ဆင်နွှဲကြပါသည်။

ထမင်းစားပြီးသည်နှင့် လူကြီးများက ရှေးဟောင်းနှောင်းဖြစ် ထွေရာလေးပါး ဇာတ်ကြောင်းလှန်ကြသော်လည်း ကျွန်မတို့ ကလေးသိုက်မှာကား စကားမျှမဟနိုင် လမ်းပျောက်စဉ်က ကြောက်လန့်ခဲ့ရမှု၊ ခရီးပန်းမှုတို့ကြောင့် ထမင်းဗိုက်ကားအောင်စားပြီးသည်နှင့် တော၏ချေဟောက်သံ၊ ညဉ့်ငှက်အော်သံများ အကြားတွင် အတုံးအရုံးတိုက်ပွဲကျကုန်လေတော့သည်။


1 comment:

soedawarat said...


ဝါဆို

ရော်ရွက်ဝါကြွေ စံမည်းရာထက်
ခေါင်းဦးထင်ဝယ် ဦးခေါင်းချသည့်
ထိုခနမယ် တွေူတောဆင်ချင်
မေ့အကြေင်းမို့ ရင်ဝယ်တမ်းတ
မေ့မရပါ။