Tuesday, July 31, 2007

လပြည့်နေ့၏ အတွေးစများ



ဒီညဟာ ၂၀၀၇ ၀ါဆိုဦးရဲ့ လပြည့်ညပေါ့။
လပြည့်ညဆိုပေမယ့် မြို့ပြရဲ့ထုံးစံအတိုင်း လကိုတော့ မမြင်ရပါဘူး။ ဒီနေ့ကျွန်တော့် စိတ်တွေမတည်မ ငြိမ်ဖြစ်နေတယ်။ တစ်လောက ဆေးပညာဆိုင်ရာဟောပြောပွဲတစ်ခုမှာ နားထောင်ခဲ့ရသလိုပဲ လရဲ့ဆွဲငင်အားကြောင့် ဒီရေတက်သလို ရေဓာတ် ၆၅ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့ လူတွေရဲ့ စိတ်တွေလိုပါ မငြိမ်မသက်ဖြစ်အောင် ဆွဲ ငင်နေတာထင်ပါရဲ့။
ဒီနေ့နားရက်မို့လို့ အိမ်မှာ နေရတဲ့အတွက် စိတ်နှစ်ထားစရာ အလုပ်ကလည်းမရှိဘူးလေ။ အိမ်အလုပ်တွေ အမေ့ကိုဝိုင်းကူနေပေမယ့်လည်း စိတ်ပါသလို စိတ်မပါသလိုနဲ့။ အတွေးတွေကလည်း တောရောက်တောင်ရောက်နဲ့ ပေါ့။ တစ်ချင်တစ်ချက် အိမ်ရှေ့လမ်းမပေါ်ကစုံတွဲတွေဖြတ်သွားတဲ့အခါ အားကျမိသလိုလို၊ သူတို့ကြားက သစ္စာ တရားကို သံသယ၀ံသလိုလိုနဲ့။
လကိုမမြင်ရပေမယ့် မြို့ပြရဲ့နီယွန်မီးရောင်အောက်မှာပဲ ခပ်ကျဉ်းကျဉ်းဝရံတာကနေ ညကိုခံစားမိတယ်။ ပါပ လာရောင်းတဲ့ကုလားက သီချင်းလိုလို ဘာလိုလိုအော်ရင် သူ့ပါပလာကို ကြော်ငြာနေတယ်။ အတွေးအတွေအများ ကြီးထဲကမှာ ဒီကုလားလည်း ချစ်တတ်မှာပဲလို့ တွေးမိအောင်တွေးဖြစ်လိုက်သေးတယ်။ အေးလေးသူလည်းအသွေး အသားတွေနဲ့ ဖွဲ့စည်းထားတဲ့ကုလားမဟုတ်လား။ ကုလားမလေးတစ်ယောက်လောက်ကိုတော့ တကယ်ချစ်ကောင်း ချစ်နေမှာပေါ့။
တရားဟောနေတဲ့ဆရာတော်ရဲ့အသံက မီးပြတ်သွားလို့ အသံပျောက်သွားတယ်။ သိပ်မကြာခင် ဆရာတော် အသံကို ပြန်ကြားရတယ်။ သြော် ... မီးပျက်မှာသိလို့ ကြိုတင်ပြင်ဆင်ထားကြတယ်။ မဆိုးဘူးအမျှော်အမြင်ရှိ သားလို့ တွေးမိတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက သိပ်တော်ကြပါလားလို့လဲ ဂုဏ်ယူမိလိုက်သေးတယ်။ တစ်ခုခု အဆင်မပြေရင် မပြေပြေအောင် ကြံဖန်ပြီးလုပ်တတ်ကြလွန်းလို့လေ။ မီးပြတ်တဲ့ကိစ္စတစ်ခုတည်းကိုမှ မဟုတ်ပါဘူး။ အရာရာတိုင်းမှာပေါ့။ ဒါကြောင့်ပဲ ကားတစ်ပတ်ရစ်တွေ၊ စက်ပစ္စည်းတစ်ပတ်ရစ်တွေဟာ သူများနိုင်ငံတွေမှာ သုံးမရ တော့ဘူးထင်ပေမယ့် ကျွန်တော်တို့ဆီမှာတော့ နှစ်ရှည်လများ အသုံးဝင်နေဆဲပဲမဟုတ်လား။
မြန်မာ့အသံက ကိုရီးယားကားတစ်ကားလာနေတယ်။ အမေနဲ့ညီမလေးက ကိုရီးယားဇာတ်လမ်းရဲ့ ဖမ်းစားမှု အောက်မှာပျော်ဝင်နေကြတယ်။ ကျွန်တော်က မငြိမ်သက်တဲ့စိတ်ကို ကိုရီးယားကားအားကိုးနဲ့ ကျားကန်ပေးရင် ကောင်းမလားစဉ်းစားမိပေမယ့် ဒီစိတ်ကူးမအောင်မြင်နိုင်ဘူးဆိုတာ ကိုယ်ကိုယ်ကိုသိနေတယ်။
တွေးရင်းငေးရင်းနဲ့ အိမ်ရှေ့အိမ်ကို ခဏငေးမိတယ်။ အပေါင်ဆိုင်လုပ်ငန်းလုပ်တဲ့ တရုတ်မိသားစုအိမ်တစ်အိမ် ပေါ့။ ဖျတ်ခနဲ ဖျတ်ခနဲ ခုန်တက်နေတဲ့ ကုန်ဈေးနှုန်းကြောင့် ငွေကြေးဖောင်းပွမှုတွေဖြစ်လာတာနဲ့အတူ အပေါင်ဆိုင် ရှင်တွေ တဖြည်းဖြည်းပိုစီးပွားဖြစ် တွက်ခြေကိုက်လာပါလားကိုတွေးမိတယ်။ အငြိမ်းစားရုံးဝန်ထမ်းတစ်ယောက်ပြော သလိုပဲ ချမ်းသာတဲ့သူတွေက ကုန်ဈေးနငန်းတက်မှာကို ကြောက်လို့ရွှေတွေ၊ မြေတွေ၊ အိမ်တွေ ၀ယ်ထားကြတယ်။ သူတို့ ၀ယ်လိုအားများလာတဲ့အတွက် အဲဒီအရောတွေ ဈေးပိုတက်ကြတယ်။ ၀ယ်ထားတဲ့သူတို့တွေ ပိုအကျိုးရှိကြ တယ်။ ဒါတွေကို လိုက်မမှီတဲ့ငွေကြေးဖောင်းပွမှုကို မကာကွယ်နိုင်တဲ့ ပင်စင်စားတွေနဲ့ ၀င်ငွေနည်းတဲ ဆင်းရဲသားတွေ ဟာ ပိုဒဏ်ခံကြရတယ်တဲ့။ ဒါတွေက စီးပွားရေးအသွင်ကူးပြောင်းဆဲနိုင်ငံတိုင်း ကြုံနေရတာတွေပဲ။ အင်း ... ကျွန်တော်လဲ မျက်စိရှေ့မြင်တာတွေကို ကြားဖူးနားဝဗဟုသုတလေးနဲ့ ဆက်စပ်သာကြည့်နေမိတာ်။ ဘာမှတော့ မစွမ်းဆောင်ပါဘူး။ ကျွန်တော်ဆိုတဲ့ကောင်ကလည်း တစ်ပတ်ကိုတစ်ပတ် ကိုယ့်တာဝန်တွေ အလျဉ်မီအောင် ကြိုးစားတဲ့ ကိုယ်ခြေထောက်ပေါ်ကိုယ် အနိုင်နိုင် ရပ်နေရတဲ့ကောင်ပဲလေ။
မျက်နှာချင်းဆိုင်က ကန်ထရိုက်တိုက်ရှေ့မှာ မ်ာဒယ်မြင့်ကားတစ်စီးလာရပ်တယ်။ ထုံးစံအတိုင်းပေါ့ အဲဒီတိုက် က ကောင်မလေးကိုလာကြိုတဲ့ကားလေ။ ကောင်မလေးက ကျွန်တော်နဲ့ မတိမ်းမယိမ်းပါပဲ။ သူ့အလုပ်ကလည်း ညပိုင်းဆိုတော့ အိပ်ရေးပျက်ရှာမှာပဲလို့ တွေးမိတယ်။ သူက လူ့အသိုင်းအ၀ိုင်းအလယ်မှာ ကဲ့ရဲ့စရာအသက်မွေးမှုတစ် ခုကို လုပ်နေတဲ့သူပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကိုယ်အထင်သေးစိတ်မ၀င်မိပါဘူး။ သူ့မှာ မိခင်အိုကြီးနဲ့ အရပ်ကသူ့သမီးလို့ ပြောကြတဲ့အမည်ခံ သူ့တူမကလေးအတွက် စားဝတ်နေရေးတာဝန်ယူထားရတယ်။ ကျွန်တော့်က သူ့လိုအလုပ်မျိုး အားမပေးပေမယ့် သမာအာဇီဝတော့ကျနေသားလို့ တွေးမိတယ်။
ကျွန်တော့်အိမ်က လမ်းထိပ်နဲ့မနီးမဝေးမှာပါ။ လမ်းထိပ်အုတ်ခုံမှာ ကျွန်တော့်ညီအရွယ်ဆယ်ကျော်သက် သုံး လေးယောက်လောက်အမြဲရှိတတ်တယ်။ ဒီနးက မိန်းကလေးအဆောင်ကို သီချင်းနဲ့လာပျော်တော်ဆက်ကြတာလေ။ ဘယ်သူက ဘယ်သူ့အတွက် ရည်ရွယ်ဆိုနေတာလဲဆိုတာတော့ သူတို့အချင်းချင်းသိကြမှာပေါ့။ တစ်ခါတစ်လေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ငြိပြီး အသေးစားစကားများမှုလေးတွေ ကြုံရသေးတယ်။ ဒါပေမယ့် လူငယ်တွေဆိုတော့ သိပ်မကြာပါ ဘူး။ အချင်းချင်းနားလည်မှုယူ ပြေလည်သွားကြတာပါပဲ။ ကျွန်တော်စဉ်းစားကြည့်မိတယ်။ တစ်ခါတစ်လေလူငယ်တွေ က လူကြီးတွေထက်များပိုခွင့်လွှတ်တတ်၊ သည်းခံတတ်နေသလားလို့။ တစ်ခုပဲကြည့်လေ ကျွန်တော့်ဘကြီးနဲ့ ရပ်ကွက် လူကြီးဟိုတစ်လောက ဓမ္မာရုံမှာ တရားဆွေးနွေးကြရင်း အငြင်းပွားကြတယ်။ ကျွန်တော့်ဘကြီးကလည်း တရားရုံးချုပ် က နာမည်ကြီးရှေ့နေကြီး၊ ရပ်ကွက်လူကြီးကလည်း ရပ်ကွက်လူကြီးပဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက်အလျော့ မပေးစတမ်းငြင်းလိုက်ကြတာ။ အခုဆိုမခေါ်နိုင် မပြောနိုင်ဖြစ်နေကြတာ။ တစ်လတောင်ကျော်ပြီမဟုတ်လား။ ဒါ့ ကြောင့် လူတွေရဲကသည်းခံခွင့်လွှတ်တတ်တဲ့ စိတ်ကိုရာထူး ဂုဏ်ဒြပ်တွေက သက်ရောက်မှုတွေရှိနေပါလားလို့တွေးမိ တယ်။ ကျွန်တော်တို့ လူငယ်တွေကော တစ်နေ့ဒီလိုအနေအထားတွေဖြစ်မလာဘူးလို့ မပြောနိုင်ဘူးနော်ဍ
ကျွန်တော်တောင်စဉ်ရေမရ တွေးနေတာနဲ့ မြန်မာ့အသံက ကိုရီးယားကားတောင်ပြီးသွားပြီ။ ကိုရီးယားပြီးတာနဲ့ ၀ါတွင်းအထိမ်းအမှတ်လုပ်တဲ့ တရားပွဲစတဲ့အသံကြားလာရတယ်။ အခုနောက်ပိုင်းကိုရီးယားကားတွေ ပြကတည်းက တရားတွေဟာ ကိုရီးယားကားတွေနဲ့ အချိန်လွှဲပြီး လုပ်ကြရတာထုံးစံတစ်ခုအောင်ဖြစ်နေပြီ။ ဆရာတော် ဟောတဲ့ တရားထဲမှာ စိတ်တွေတည်ငြိမ်ဖို့ ၀ိပဿနာတရားမှတ်ရမယ်လို့ နာယူလိုက်ရတယ်။ အင်း ...ကျွန်တော်ရဲ့ မတည်ငြိမ်တဲ့စိတ်တွေခဏအနားရအောင် ၀င်သက်ထွက်သက်လေးမှတ်ဖို့ ကြိုးစားကြည့်လိုက်ဦးမယ်။ ကုသိုလ်လဲနဲနဲ ပါးပါးရလိုရငြားပေါ့။ ကျွန်တော့်အသက်ကလည်း ၂၅ နှစ်ပြည့်ဖို့ ၂ ရက်ပဲ လိုတော့တာဆိုတော့ တရားလေးဘာလေး တော့ မှတ်ဖူးတယ်ရှိအောင်လို့ပေါ့ဗျာ ...။
ဝါဆိုဦး
၂၇-၇-၀၇

No comments: